ကောက်စိုက်သမလေးရဲ့အချစ်ဇာတ်လမ်း


“မိုးကလည်းနော်.. ရွာမှာဖြင့် ရွာတာ မဟုတ်ဘူး.. အလုပ်ပျက်ရုံ စွက်ကယ် စွက်ကယ်နဲ့ တကတည်း..”


“ဘာတွေ မြည်တွန်နေတုန်း အဘွားကြီးရဲ့..”


“အဝတ်တွေ မခြောက်လို့ တော်ရေ.. ဒီ မိုးနှယ်ကြောင့်.. ဟွမ်း..”


“ဟ.. မိုးကို အဲ့သလို မပြောရဘူးလေ.. မင့်နှယ်.. လယ်ထဲကိုင်းထဲ ကြီးခဲ့တာ မဟုတ်တဲ့ တိုင်းပဲ..”


“ဒါတော့ ဒါပေါ့တော်.. ခုလို ရာသီများတော့ ရွာက အိမ်နဲ့ ခြံဝိုင်းပဲ သတိရမိပါတယ်.. မြို့ကြီးပြကြီးမယ် တိုက်ခန်းကျဉ်းလေးနဲ့ နေပြီး မိုးလည်း မိုးမို့.. နွေလည်း နွေမို့.. အဝတ်ကလေး လှန်းဖို့တောင်မှ ဒုက္ခကများ.. အနေကြပ် အသေကြပ်.. ဟင်းးး”


“ငှယ်.. ဒီမိန်းမ ဓာတ်ပြားဟောင်းကြီး အပ်ကြောင်း ထပ်နေ.. တန်တော့ မင့် ကြည့်ရတာ မြို့မယ် အနေကြာတော့ ရွာနဲ့လယ်တောကို လွမ်းနေထင်ရဲ့..”


“လွမ်းသပေါ့တော်.. လွမ်းသပေါ့..”


“မေးစမ်းပါရစေ.. မင့် လွမ်းတဲ့ထဲ ကောက်စိုက်တုန်းက အကြောင်းလေးရော.. မပါဘူးလား..”


“ဟမ်..”


“အဟေးဟေး.. ဘာတဲ့ အကြင်တို့လယ် ကောက်စိုက်တုန်းက.. မျှော့ ရေးငယ့် ရွှေဖူးစာ.. အိုးဟိုးဟိုး.. ခွီး..”


“တော်ကြီးနော်.. တော်ကြီး.. လူကဖြင့် အိုကြီးအိုမ.. ရွချက်က ကမ်းကိုကုန်ရော.. ဟွင့်..”


အဘွားဒေါ်မြကြင်တစ်ယောက် လင်တော်မောင် အဘိုးဦးသာဒွန်းကို မျက်စောင်းကလေးထိုးကာ ဖင်တုံးကြီးနှင့် တုံကနဲ ပစ်တိုက်ရင်း အိမ်ထဲဝင်သွားပါတော့သည်။ လက်ထဲမှ အဝတ်များကို အိမ်တွင်း အဝတ်စင်တွင် ထပ်ကာ စီကာ လှန်းလိုက်သည်။ ဇရာ၏ အရေးအကြောင်းတို့ ထပ်စပြုနေသည့် နှုတ်ခမ်းတစ်စုံကတော့ မပြုံးတုန့်တုန့် ပြုံ့တုန့်တုန့် ဟန်ဖြင့်။


ဒီမိုးစွေပုံနှင့် အဝတ်တွေ အိမ်ရှေ့ ထုတ်လှန်းဖို့ လမ်းမမြင်။ သားနှင့် ချွေးမကလည်း အလုပ်က တစ်ဘက်။ မြေးငယ်က မူလတန်း ကျောင်းသား။ တရားသူကြီးအလုပ်မှ ပင်စင်ယူပြီးသည့်တိုင် ရပ်ကွက် အရေးကိစ္စများနှင့် မအားလပ်သည့် ခင်ပွန်း ဦးသာဒွန်း။ အားလုံးက နေ့စဉ် အပြင်ထွက်နေရသူများမို့ မိုးတွင်းဆို အဝတ်တွေ အချိန်မှီခြောက်ရေး မိုးကင်းစောင့်ရင်း လှန်းရတာ အလုပ်တစ်ခု။


ဘွားကြင်တစ်ယောက် ပါးစပ်က ပြုံးရင်း လက်က အဝတ်လှန်းကာ မျက်လုံးထဲ မြင်နေသည်က ဘိုးသာဒွန်း အစဖော်လိုက်သည့် ကောက်စိုက်ပွဲ။


တုန်းလို့.. အနားမယ် လူသူလေးပါးနဲ့ဟာကိုမှဖြင့်..”


“ညည့်သာ ရှက်ရမယ့်သူ အနားရှိတာပါ အကြင်ရယ်.. ခိခိ..”


“အို.. ပြောလေ ကဲလေပါရော့လား.. မိခင်မေနော်.. ဟွင့်..”


“ကဲပါအေ.. အမူပိုမနေစမ်းပါနဲ့.. အေးလည်း ဘာ ပြုတုန်း.. ကိုရင်လှဘော်ကြီး ယူလာတဲ့ ထရေ သောက်.. အချမ်းဖျောက်ရုံပေါ့ အေရယ်..”


“သောက်မှာဖြင့်လည်း သောက်ကြ လုံမတို့.. မိုးရိပ် ရှိနေသေးလို့သာရယ်.. အချိန်အတိုင်းဆို နေက မြင့်လာပြီဟ.. ထန်းဖျားကျော်ဆို ထရည် အချိုပျောက်တော့မယ်နော့.. သဘောပေါက် သဘောပေါက်.. ဟွင်းဟွင်း..”


“သာဒွန်းကြီးကို မူးအောင်တိုက်.. ဒင်းက နက်ဖြန်ခါဆို မြို့ပြန်ရပြီ.. မင့်တို့မြို့ကြီးမယ် ဒါမျိုး မရှိမဟုတ်လား မောင်..”


“ရော့ ရော့.. ဒါက အကြင့်ကို ဂုဏ်ပြုတာ.. ဟော သဟာက တစ်သင်းလုံးကို ဂုဏ်ပြုတာ.. မြူလိုက်သာချကွာ.. သာဒွန်းကြီး.. သောက်စမ်း..”


“အေး.. အေးပါ.. အွမ့်..”


တစ်ယောက် တစ်ဖလား ဆူညံစွာ ပျော်ကြ စားကြ သောက်ကြ။ သောက်စရာ စားစရာ ကုန်တော့ လူတွေလည်း အရှိန်သေပြီ။ အိမ်ပြန်ရန် အလျိုလျို ပြင်ကြပြီမို့ သာဒွန်းက အကြင့်ကို..


“ပြန်ချင်ပြီလား အကြင်..”


“ကိုရင်ရော..”


“အကြင် ပင်ပန်းနေလားလို့ပါ.. အဝတ်ကလည်း အစိုနဲ့.. မဟုတ်ရင်တော့ နှစ်ယောက်တည်း နေချင်သေးတာပေါ့..”


“အဝတ်က ခြောက်လုပါပြီ.. ရိုးကြီးဘက် သွားမယ်လေ.. ဒီမှာက လေစိမ်းတိုက်တယ်..”


“အွမ်း..”



 

Popular posts from this blog

ရှယ်ကြီးနော်....