ကောက်စိုက်သမလေးရဲ့အချစ်ဇာတ်လမ်း(အပိုင်း ၂)

 


ဒီ သူငယ်မ ရဲလှချည့်လို့များ ထင်သွားလေမလား စိုးမိသော်လည်း ငယ်ထိပ်တက်နေသည့် ချစ်သဒ္ဒါစိတ်များက နှုတ်ရဲအောင် ပို့ဆောင်လေပြီ။ မိမိအားလည်း ကောင်းအောင် လုပ်ပေးထားသည့်အပြင် ကိုယ့်ချစ်သူပင် မဟုတ်ပေတကား။


“တကယ်ပြောတာလား အကြင်..”


“အင်းပေါ့..”


“အွမ့်..”


“အို..”

“သူတို့ လက်ခံ စီစဉ်ပေးရင်တော့ ကျောင်းမနားရဘဲ အဆင်ပြေသွားနိုင်တယ်လေ အကြင်ရယ်.. အနည်းဆုံးတော့ မိသားဖသားပီပီ တောင်းရမ်းပေးကြရင် ငါလည်း နင့် စိတ်ချရတာပေါ့ဟာ.. နော်..”


“လက်မခံခဲ့ရင်ရော ကိုရင်ရယ်.. ကျုပ် ကြောက်တယ်..”


“ဟင်းးး..”


လက်ခံခဲ့ရင်တောင် အကြင့်ကို မျက်နှာမငယ်စေဘူးလို့တော့ အာမ မခံနိုင်တာ အမှန်။ သားမာန် တက်လွန်းသော မိမိ မိခင်အကြောင်း မိမိ အသိဆုံး။ ဒါကို အကြင်လည်း ကောင်းကောင်း သဘောပေါက်ပုံရသည်။ သာဒွန်းတစ်ယောက် သက်ပြင်းသာ အကြိမ်ကြိမ် ချမိတော့၏။


“စိတ်မညစ်ပါနဲ့ ကိုရင်ရယ်.. ကျုပ် စောင့်မယ်.. ကျောင်းပြီးမယ့် ၃ လ ကျုပ်စောင့်မယ်.. နော် ကိုရင်နော်..”


“…..”


တိတ်ဆိတ်သွားသော ညလေးက နှစ်ဦးသား၏ အသက်ရှူသံအပြင် ပိုးသံ ပရစ်သံများသာ ကျန်တော့၏။ နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးဝင်ရင်း သက်ပြင်းသေးသေးလေး မသိမသာ ခိုးချလိုက်မိသည်။ မိမိရင်ထဲမှ စိုးရိမ်စိတ်နှင့် အကြောက်တရားတို့ကို ချစ်ရသူ ကိုရင် မသိစေလို မမြင်စေလိုပါ။ သူ မိမိကို တာဝန်မယူလိုတာမှ မဟုတ်ဘဲ။ မိမိဗိုက်ထဲမှ ကလေးကလည်း လင်ကောင်မပေါ်တဲ့ ကလေးမှမဟုတ်ဘဲ။


၃ လတာ အချိန်လေးအတွင် ချစ်သူ၏ဘဝလမ်းကြောင်း အလှည့်အပြောင်း မဖြစ်ဖို့အရေး မိမိ သတ္တိကောင်းပြလိုက်ချင်သည်။ ပညာရေး ဆုံးခန်းတိုင်ပြီဆိုလျင်ဖြင့် မာန်မာနကြီးသော ကိုရင့်မိဘများ အနေနဲ့လည်း မကြည်ဖြူလျင်တောင် အငြိုငြင်တော့ သက်သာကောင်း သက်သာပေလိမ့်မည် မဟုတ်ပါလား။ ကိုရင်သာဒွန်းတစ်ယောက် မိုးလင်းလုဆဲ အချိန်မှပင် လှဘော်အိမ်သို့သွားကာ ခဏလှဲမိသည်။ အတွေးပေါင်းစုံဖြင့် အိပ်မပျော်ဘဲ မိုးစင်စင်လင်းခဲ့၏။


နောက်နေ့မနက် မိုးလင်းတော့ ကိုရင်သာဒွန်း မြို့အပြန်ကို အကြင် နှုတ်ဆက်ခဲ့သော်လည်း စကားကြာကြာ မပြောဖြစ်။ ယုံကြည်ချက်ပြည့်ဝသော မျက်ဝန်းတို့နှင့် ပြုံးပြရင်း


“ကျုပ်ကို စိတ်ချပါ ကိုရင်.. ကျုပ်လည်း စိတ်ချမယ်.. နော်..”


ဟုသာ ပြောဖြစ်ခဲ့သည်။ တရွေ့ရွေ့ ထွက်ခွာသွားသော ချစ်သူ၊ မြင်ကွင်းမှ ကွယ်သွားမှသာ ကျလာသည့် မျက်ရည်ကိုသုတ်ရင်း..


“မိန်းမသားတို့ သတ္တိပေါ့ ကိုရင်ရယ်.. ချစ်သူရဲ့ အောင်မြင်မှုလမ်းကို အဟန့်အတား မဖြစ်စေလိုတဲ့ သတ္တိပေါ့..”


ဟု စိတ်ထဲမှ ရေရွတ်မိသည်။ အိမ်အပြန်လမ်းဆီ ခြေဦးအလှည့်.. ဗိုက်ထဲမှ ဖြတ်ကနဲ လှုပ်သလို ခံစားလိုက်ရ၏။ ၄ လဆိုသော ကိုယ်ဝန်က အပျိုဗိုက်မို့ အမြင်အားဖြင့် မသိသာသေးသော်လည်း အထဲမှကလေး အသက်ဝင်နေပြီ မဟုတ်ပါလား။ တုန်ရီနေသော လက်ကလေးနှင့် ဗိုက်လေးကို အသာအုပ်ကိုင်ရင်း..


“ကလေးရယ်.. ဖေဖေ ပြန်လာမှာပါ.. မေမေနဲ့ကလေး စောင့်ကြရအောင်.. သတ္တိရှိရှိနဲ့ စောင့်ရအောင်နော်.. မင့်ဖေဖေ ရှေ့နေကြီးဖြစ်အောင် ကြိုးစားပါစေ.. မေမေတို့ အနှောက်ယှက်မပေးဘဲ စောင့်ကြရအောင်ပါ..”


ဟု တီးတိုး ရေရွတ်မိလိုက်ပြန်တော့သည်



Popular posts from this blog

ရှယ်ကြီးနော်....